Friday, July 6, 2012

ဂျာနယ်လစ်နဲ့ ကျင့်ဝတ်(၄) စတုတ္ထမဏ္ဍိုင်ဂျာနယ်လစ်ဇင်

PDF Print
Written by ဇေ၀င်းနောင်   
Sunday, 01 July 2012 11:09  Eleven Media မှကူးယူဖော်ပြသည်။
AddThis Social Bookmark Button

ဗြိတိန်အောက်လွှတ်တော်ရှိ သတင်းထောက်များအတွက် ထားရှိပေးသော Press Gallery (ပုံတွင်အပေါ်ထောင့်စွန်း နံရပ်ကပ်လျက်ရှိသော ခုံတန်း)
စာနယ်ဇင်းတွေဟာ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ စကားကို ကျွန်တော်တို့ ပြောပြောနေပေမဲ့ ဒီစကားဘယ်တုန်းကတည်းက စသုံးခဲ့တယ်ဆိုတဲ့အကြောင်း သိပ်မပြောဖြစ်ကြပါဘူး။
သမိုင်းပညာရှင်၊ ကဗျာ ဆရာ၊ နိုင်ငံရေးသမား သောမတ်စ်မတ်ကောလေး(၁၈၀၀- ၁၈၅၉) ပြောခဲ့ရာကနေ ဒီစတုတ္ထမဏ္ဍိုင်ဆိုတဲ့ စကားလုံး စတင်ထင်ရှားလာတယ်လို့ ဆိုကြပါတယ်။ ဗြိတိသျှ ပါလီမန်ထဲက (press gallery) ကို စတုတ္ထမဏ္ဍိုင် (Fourth Estate) လို့ တင်စား သုံးနှုန်းခဲ့တာပါ။
အစောဆုံး သုံးခဲ့တာကတော့ အိုင်ယာလန်သား ဗြိတိသျှလွှတ်တော်အမတ် အက်ဒ်မန်ဘာ့ခ် (၁၇၂၉-၁၇၉၇) ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
အဲဒီတုန်းက ဗြိတိသျှမှာ သတ်မှတ်ကြတဲ့ မဏ္ဍိုင်သုံးရပ်က သူကောင်းမျိုး (noble) ၊ဘုန်းတော်ကြီး (clergy) ၊နဲ့ အရပ်သား (common) ဆိုပြီးတော့ပါ။ အဲဒီသုံးရပ်ကို လွှတ်တော်ထဲမှာ ကိုယ်စားပြုတဲ့ Lords temporal ၊ Lord Spitural နဲ့ Commons ကို မဏ္ဍိုင်သုံးရပ်လို့ အဲဒီ ခေတ်အခါက သုံးနှုန်းခဲ့ကြတာကြောင့် ဒီလူတွေနဲ့ ဒီလူတွေရဲ့ လုပ်ရပ်ကို စောင့်ကြည့်ထောက်ပြတဲ့  စာနယ်ဇင်းတွေကို ဂုဏ်တင်သုံးနှုန်းခဲ့ကြတာပါ။ ဒီဘက်ခေတ်မှာတော့  တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး မဏ္ဍိုင်သုံးရပ်ကိုစောင့်ကြည့်တဲ့ စတုတ္ထမဏ္ဍိုင်အဖြစ် သုံး လာကြတာပါ။ ဒီမဏ္ဍိုင်သုံးရပ်ကို စောင့်ကြည့်ထောက်ပြ ဝေဖန်ရတာဟာလည်း ဂျာနယ်လစ်တွေရဲ့ အဓိက လုပ်ဆောင်သင့်တဲ့ ကျင့်ဝတ်နှုန်းစံတစ်ခုပါပဲ။
ဒီလိုမီဒီယာ၊ စာနယ်ဇင်းတွေကို စတုတ္ထမဏ္ဍိုင်အဖြစ် သုံးနှုန်းတာဟာ လွတ်လပ်တဲ့စာနယ်ဇင်း၊ လွတ်လပ်တဲ့ မီဒီယာဆိုတဲ့ အယူအဆနဲ့လည်း ဆက်စပ်ပါတယ်။ လွတ်လပ်တဲ့ စာနယ်ဇင်းလောကရှိမှုဆိုတာက ဒီမိုကရေစီစနစ်အတွက် အဓိကကျတဲ့ တန်ဖိုးတစ်ခုပါ။ အစိုးရ ထိန်းချုပ်ထားတဲ့ ၀ါဒဖြန့်ချိရေး မီဒီယာများကသာ မီဒီယာလောကို လုံးဝထိန်းချုပ်ထားတာကတော့ အာဏာရှင်စနစ်ရဲ့ လက္ခဏာတစ်ခုပါ။

မီဒီယာတွေမှာရှိအပ်တဲ့ ကျင့်ဝတ်ကတော့ 'လူထုရဲ့ သိခွင့်' ကို စောင့်ရှောက်ပေးရမဲ့ တာဝန်ပါ။ အစိုးရဘာလုပ်နေသလဲ၊ အာဏာပိုင်တွေ၊ တာဝန်ရှိသူတွေ ဘာလုပ်နေသလဲ၊ အဲဒါတွေဟာ ကိုယ့်အတွက်က အကျိုးရှိမရှိ၊ အကျိုး ယုတ် မယုတ်ဆိုတာ လူထုမှာ သိခွင့်ရှိပါတယ်  . . .

ဒီမိုကရေစီ အားကောင်းဖို့၊ အုပ်ချုပ်မှုကောင်းရှိဖို့၊ လူသားဘ၀ ဖွံ့ဖြိုးဖို့ဆိုရာမှာ လွတ်လပ်တဲ့ မီဒီယာရဲ့ အခန်းကဏ္ဍကဘာလဲ။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ တွေးတောခွင့်၊ ယုံကြည်ခွင့်တို့ရဖို့ ဆောင်ရွက်ရာမှာ၊ အစိုးရရဲ့ နိုင်ငံသားအားလုံး အပေါ်တာဝန်ယူမှုနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ရာမှာ  နှောင်ကြိုးကင်းတဲ့ လွတ်လပ်တဲ့ မီဒီယာတည်ရှိမှုဟာ အရေးပါတဲ့အချက်လို့ ဆိုကြပါတယ်။
လွတ်လပ်တဲ့ စာနယ်ဇင်းဖွံ့ဖြိုးမှုနဲ့ ဒီမိုကရေစီဖြစ်ထွန်းမှုဆိုတာဟာ အပြန်အလှန် မှီတည်နေတယ်ဆိုတဲ့ အယူအဆရှိပါတယ်။ အဲဒီအယူအဆနဲ့ ပတ်သက်လို့ ဟားဗတ်တက္ကသိုလ်ကထုတ်တဲ့ နိုင်ငံရေး သိပ္ပံပညာရှင် Pipa Norris  ရဲ့ Driving Democracy ဆိုတဲ့ စာအုပ်မှာ ဖော်ပြထားခဲ့တာ ရှိပါတယ်။  စာနယ်ဇင်းဖွံ့ဖြိုးမှု၊ မီဒီယာဖွံ့ဖြိုးမှုနဲ့ ဒီမိုကရေစီဖြစ်ထွန်းမှုကို အဆင့်နှစ်ဆင့် ခွဲပြထားတာပါ။ ပထမအဆင့်မှာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုကနေ အစောပိုင်း အသွင်ကူးပြောင်းရာမှာ မီဒီယာတွေကို အစိုးရက ချုပ်ကိုင်ထားရာကနေ ပုဂ္ဂလိကတွေကို ဖွင့် ပေးမယ်၊ ဆင်ဆာဖြတ်တောက်မှုတွေနဲ့ သတင်းအချက်အလက်တွေကို အစိုးရက ချုပ်ကိုင် ထားမှုတွေကို လျော့ချပေးရပါတယ်။ အဲဒီအခါမှာ လူထုက အယူအဆတွေ၊ အမြင်တွေ၊ သတင်းအချက်အလက်တွေကို အမျိုးစုံလင်တဲ့ သတင်းစာ၊ ရေဒီယို၊ ရုပ်သံတွေ မီဒီယာတွေအပြင် အင်တာနက်ကပါ ထိတွေ့ခွင့် ရလာမယ်။ အဲဒီလိုနဲ့ ပထမအဆင့် မီဒီယာလစ်ဘရယ်ပြုမှု အောင်မြင်လာတဲ့နဲ့အမျှ ဒုတိယအဆင့်မှာ လွတ်လပ်တဲ့ သတင်းစာ၊ ရေဒီယို၊ ရုပ်သံက ဂျာနယ်လစ်တွေဟာ စောင့်ကြည့်သူအဖြစ်နဲ့ အကျင့်ပျက်ခြစားမှုတွေ၊ အလွဲသုံးမှု၊ အလွဲလုပ်မှုတွေကို ဖော် ထုတ်ပြီး ပွင့်လင်းမြင်သာပြီးယုံကြည်နိုင်တဲ့ အုပ်ချုပ်မှုမျိုး ဖြစ်ပေါ်လာအောင် ကူညီနိုင်လာမယ်။ ဒါ့အပြင် အများပြည်သူရဲ့ အမြင်ကို ထင်ဟပ်ပေးခြင်းအားဖြင့်၊ မတူကွဲပြားတဲ့ အမြင်တွေကို ဖော်ပြပေးနိုင်ခြင်းအားဖြင့် မူဝါဒရေးရာ ချမှတ်မှုအတွက် အကျိုးရှိစေမယ်ဆိုတဲ့ အယူအဆပါ။
လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းအတွက် လွတ်လပ်တဲ့ဈေးကွက်၊ ဂျာနယ်လစ်ဇင်နဲ့ ဒီမိုကရေစီဟာ အပြန်အလှန် မှီတည်နေတဲ့ သုံးပွင့်ဆိုင် အင်စတီကျူးရှင်းတွေဖြစ်တယ်လို့ ပူလစ်ဇာဆုရ ဂျာနယ်လစ် ဂျွန်ဂျိုးဆက်အိုနီးလ်(၁၈၈၉-၁၉၅၃)က ပြောခဲ့ပါတယ်။ နိုင်ငံသားတွေ ဒီမို ကရေစီကျကျ၊ တာဝန်ယူမှုရှိရှိ တုံ့ပြန်နိုင်ဖို့အတွက် စုံလင်တဲ့ အမြင်တွေ၊ အယူအဆတွေနဲ့ သတင်းအချက်အလက်တွေပေးနိုင်တဲ့ လွတ်လပ်တဲ့ စာနယ်ဇင်းရှိဖို့လည်း လိုတယ်လို့ ဆိုခဲ့ပါတယ်။
နောက်တစ်ချက်က အသံမဲ့တို့ရဲ့အသံ (voice of voiceless) ကို စာနယ်ဇင်းတွေ၊ မီဒီယာတွေက ထုတ်ဖော်ပေးနိုင်တာပါ။ တစ်ခါတရံမှာ မေ့လျော့ခံနေရသူတွေရဲ့၊ သူတို့ကိုယ်တိုင် မထုတ်ဖော်နိုင်သူတွေရဲ့ အသံကို ကိုယ်စားထုတ်ဖော်ပေးရတဲ့ အလုပ်ကို လုပ်ကြရပါတယ်။
လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး ကျန်းမာသန်စွမ်းမှုအတွက် သာမကဘဲ လူသားရဲ့ အသိဉာဏ်ပညာနဲ့ သိပ္ပံနည်းကျ တိုးတက်ဖွံ့ဖြိုးမှုအတွက်ပါ လိုအပ်တဲ့ကိစ္စပါ။ အဲဒီအတွက် မီဒီယာတွေမှာရှိအပ်တဲ့ ကျင့်ဝတ်ကတော့ 'လူထုရဲ့သိခွင့်' ကို စောင့်ရှောက်ပေးရမဲ့ တာဝန်ပါ။ အစိုးရ ဘာလုပ်နေသလဲ၊ အာဏာပိုင်တွေ၊ တာဝန်ရှိသူတွေ ဘာလုပ်နေသလဲ၊ အဲဒါတွေဟာကိုယ့်အတွက် ကအကျိုးရှိမရှိ၊ အကျိုးယုတ်မယုတ်ဆိုတာ လူထုမှာ သိခွင့်ရှိပါတယ်။ အဲဒီသိခွင့်ရှိမှုကို စောင့်ရှောက်ပေးရမဲ့ တာဝန်ကတော့ စတုတ္ထမဏ္ဍိုင်  အဖြစ်ရပ်တည်ရတဲ့ မီဒီယာများ၊ စာနယ်ဇင်းများရဲ့ သာမန်သတင်း တင်ဆက်မှုများအပြင် ထပ်ပေါင်းရှိနေတဲ့ တာဝန်ပါပဲ။
စာနယ်ဇင်းနဲ့ မီဒီယာများက စတုတ္ထမဏ္ဍိုင်တာဝန်ကို ထမ်းဆောင်ရာမှာ အာဏာပိုင်များနဲ့ မီဒီယာများမှာ မကြာခဏဆိုသလိုပဲ အကျိတ်အခဲတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ဒီမိုကရေစီနိုင်ငံတစ်ခုမှာဆိုရင် ရှောင်လွှဲလို့ မရနိုင်သလို အများစုဟာ လိုလားအပ်တဲ့အရာပဲလို့ လေ့ လာသူတွေက ဆိုကြပါတယ်။ အဲဒီလိုနဲ့ပဲ တည့်လိုက်ကြ၊ သတ်လိုက်ကြရင်းနဲ့ လမ်းမှန်ပေါ်ရောက်အောင် လျှောက်ခဲ့ကြရတယ်ဆိုတာ ဒီမိုကရေစီ ဖွံ့ဖြိုးပြီး နိုင်ငံတွေက သက်သေပြခဲ့ပြီးပါပြီ။
Ref;
1.Ethics for Journalist by Richard Keeble
2,DRIVING DEMOCRACY by Pippa Norris
3.Journalism,A Very Short Introduction by Ian Hargreaves

No comments:

Post a Comment