Saturday, July 7, 2012

မြန်မာသတင်းမီဒီယာ လေ့လာရေးအဖွဲ့ အင်ဒိုနီးရှား၊ သီရိလင်္ကာနှင့် အိန္ဒိယနိုင်ငံသို့ လေ့လာရေး ခရီးသွားရောက်

PDF Print
Wednesday, 27 June 2012 11:12
AddThis Social Bookmark Button
အင်ဒိုနီးရှားနိုင်ငံ စာနယ်ဇင်းကောင်စီမှ တာဝန်ရှိသူများနှင့် မြန်မာသတင်းမီဒီယာ လေ့လာရေးအဖွဲ့ [၀ဲမှယာ- ကိုထက်နိုင်ဇော်(Venus News)၊ ဒေါက်တာကျော်ဇောနိုင်၊ ဦးကိုကို၊ ဦးရဲတင့်၊ မောင်ဝံသ၊ ဦးတင့်ဆွေနှင့် ဦးစိုးမြင့်(မဇ္ဈိမသတင်းဌာန)] (ဓာတ်ပုံ-ကိုကို(စက်မှုတက္ကသိုလ်)facebook)
မြန်မာသတင်းမီဒီယာ လေ့လာရေးအဖွဲ့သည် ဇွန်လ ၂၄ ရက်နေ့မှစတင်ပြီး အင်ဒိုနီးရှားနိုင်ငံ သီရိလင်္ကာနိုင်ငံနှင့် အိန္ဒိယနိုင်ငံများသို့ မီဒီယာလေ့လာရေးခရီး သွားရောက်ခဲ့ပြီး အဆိုပါနိုင်ငံများမှ မီဒီယာအသင်းအဖွဲ့များ၊ စာနယ်ဇင်းကောင်စီများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရပါသည်။


မြန်မာသတင်းမီဒီယာ လေ့လာရေးအဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတင့်၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေအပါအ၀င် ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဖြစ် မြောက်ရေးကော်မတီ ဦးစီးနာယက ဦးစိုးသိမ်း(မောင်ဝံသ)၊ Yangon Media Group ၏ CEO နှင့် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)၊ ဥပဒေပညာရှင် ဦးကျော်ဇောနိုင်၊ မဇ္ဈိမသတင်းဌာနမှ ဦးစိုးမြင့်၊ ဗီးနပ်စ်သတင်းဂျာနယ်မှ ကိုထက်နိုင်ဇော်တို့ လိုက်ပါခဲ့ကြောင်း သိရသည်။
အဆိုပါ လေ့လာရေးအဖွဲ့သည် ဇွန်လ ၂၅ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ Sari Pan Pacific ဟိုတယ်၌ အင်ဒိုနီးရှားစာနယ်ဇင်းကောင်စီမှ ဥက္ကဋ္ဌအပါအ၀င် ကောင်စီဝင်များနှင့် စာနယ်ဇင်းကောင်စီ လုပ်ငန်းများအကြောင်း အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိခဲ့သော မြန်မာသတင်းမီဒီယာအဖွဲ့၏ လေ့လာရေးခရီးစဉ် ရှစ်ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရပါသည်။
ဇွန်လ ပထမပတ်အတွင်းကလည်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးဝင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ် အပါအ၀င် ပြန်ကြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်ငါးဦး၊ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးမိုးဇော်ဟိန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီ၊ Forever  Group  နှင့် ရွှေသံလွင်မီဒီယာမှ ကိုယ်စားလှယ်သုံးဦးတို့ပါဝင်သော  လေ့လာရေးအဖွဲ့သည် ဆွီဒင်နိုင်ငံ၊ ဆွီဒင်မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် နော်ဝေ နိုင်ငံ အခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) ၏ ဖိတ်ကြားချက်အရ ဇွန်လ ၈ ရက်နေ့မှ ဇွန်လ ၂၃ ရက်နေ့အထိ ဥရောပနိုင်ငံများသို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆောင်သော မီဒီယာလေ့လာရေးအဖွဲ့သည် ခရီးစဉ်ကာလအတွင်း မီဒီယာများကို ပြည်သူ့ရေးရာ ၀န်ဆောင်မှုမီဒီယာ (Public Service Media) များအဖြစ် အဆင့်ဆင့် ပြောင်းလဲရေး၊ မီဒီယာ ဥပဒေများ ပြဋ္ဌာန်းရေး၊ စာနယ်ဇင်းကောင်စီ ဖွဲ့စည်းရေး အစရှိသော ကိစ္စရပ်များကိုလည်း သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း သိရပါသည်။
မီဒီယာဥပဒေနှင့် ပတ်သက်သော ဆွေနွေးတင်ပြချက်များမှ ကောက်နုတ်ဖော်ပြချက်

ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီနှင့် စာနယ်ဇင်းများတွေ့ဆုံ၍ မီဒီယာဥပဒေနှင့် ပတ်သက်သော ဆွေးနွေးပွဲကို ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ ဟိုတယ်ရန်ကုန်တွင် ကျင်းပခဲ့ရာ ဆွေးနွေးချက်အချို့ကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

.  .  .  .ကျွန်တော်တို့ကော်မတီဟာ ရှင်းပြခဲ့သလိုပဲ စာပေစာနယ်ဇင်းသမားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို အတည်ပြုနိုင်အောင် ဆောင်ရွက်ပေးနေတဲ့ ကော်မတီဖြစ်ပါတယ်။ ကော်မတီရဲ့ ခံယူချက်ကတော့ နိုင်ငံသစ်ချီတက်နေတဲ့ ဒီမိုကရေစီ လူ့ဘောင်သစ်မှာ လွတ်လပ်ပြီးအားကောင်းတဲ့ စာပေစာနယ်ဇင်းရှိသင့်တယ်လို့ ခံယူပါတယ်။ စာပေစာနယ်ဇင်းအနေနဲ့ လွတ်လပ်ပြီး အရည်အသွေးပြည့်ဝသင့်တယ်လို့ ခံယူပါတယ်။ လွတ်လပ်တဲ့ စာပေစာနယ်ဇင်းအဖွဲ့ ပေါ်ပေါက်လာ ဖို့ လိုတယ်လို့ သုံးသပ်ပါတယ်။ အစိုးရသာမက မည့်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်းရဲ့ သြဇာခံ မဖြစ်သင့်ဘူးလို့ ခံယူပါတယ်။ ဒါကြောင့်လည်း လွတ်လပ်ပြီး ခိုင်မာတဲ့ မီဒီယာဥပဒေ ဖြစ်ပေါ်လာဖို့ ကျွန်တော်တို့ကော်မတီက ကြားခံအဖြစ် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။

. . . .ဒါတကယ်လို့ အားလုံးရဲ့ ဆန္ဒမဟုတ်သေးဘူး။ ပြန်လည် ဆွေးနွေးသင့်တယ်ဆိုလို့ရှိရင် ကျွန်တော်တို့ကော်မတီအေ
နနဲ့ ဒါကို လွှတ်တော်ဥက္ကဋ္ဌကို တင်ပြပြီး အချိန်ဆိုင်းထားလို့ ရပါတယ်။  . . . .
သူရဦးအေးမြင့်
(ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ)

. . . . .သတင်းမီဒီယာလုပ်ငန်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် စာနယ်ဇင်းကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်နေခြင်း ဟုတ်၊ မဟုတ် စစ်ဆေးမေးမြန်းခွင့်ရှိသော သတင်းမီဒီယာကော်မရှင် သို့မဟုတ် သတင်းမီဒီယာကောင်စီ သို့မဟုတ် စာနယ်ဇင်းကောင်စီ အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းကြပ် မတ်သင့်ပါသည်။ ယင်းအဖွဲ့သည် သတင်းမီဒီယာသမားများနှင့် သတင်းမီဒီယာလုပ်ငန်းများကို ကိုယ်စားပြုသော ကိုယ်စားလှယ်များက ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးကောက်သူများဖြင့် ဖွဲ့စည်းခြင်း ဖြစ်ရပါမည်။ ထုတ်ဝေနေသော စာနယ်ဇင်းအားလုံးသည် သတင်းမီဒီယာကောင်စီ သို့မဟုတ် စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဖြစ်စေရမည်ဟု မီဒီယာဥပဒေတွင် အတိအကျ ပြဋ္ဌာန်းချက် ပါရှိသင့်ပါသည်။. . . . .                           
သတင်းစာဆရာမောင်ဝံသ
(မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီ ဦးစီးနာယက)
. . . .ဒီနေရာမှာ ကြားဖြတ်လို့ စောစောက ဆရာမောင်ဝံသ ဆွေးနွေးသွားတဲ့အထဲမှာ သူပြောတာ ဏမနျ ဃသကညခငူ စာနယ်ဇင်းကောင်စီနဲ့ ပတ် သက်လို့ အဲဒီအထဲမှာ ကျွန်တော်ကြားလိုက်မိတာတစ်ချက်ကတော့ငြင်းတာတော့မဟုတ်ပါဘူး။ အဲဒါက ဘာလဲဆိုတော့ ပုံနှိပ်ထုတ်ဝေသူတိုင်းသည် စာနယ်ဇင်း တိုင်းသည် စာနယ်ဇင်းကောင်စီဝင်ဖြစ်ရမယ်ဆိုတာကတော့ ပွင့်ပွင့်လင်းလင်းပြောရရင်သိပ်မကြိုက်ပါဘူး။ ဒါကစဉ်းစားစရာရှိတယ်လို့ထင်ပါတယ်  .  .  .
. . . .ဒီဥပဒေထဲမှာ Press Council ကိစ္စကို ထည့်ရေးတော့မယ်ဆိုရင် သူ့အကြောင်းက နည်းနည်းတော့ တိကျဖို့ လိုလာပြန်တယ်။ ဘာလို့လဲဆိုတော့ အခုဆိုရင် နည်းနည်းပါးပါး အငြင်းပွားတယ်ဆိုပါတော့ ထုတ်ဝေသူတိုင်းဟာ Press Council  မှာ အဖွဲ့ဝင် ဖြစ်ရမယ့်ဆိုတဲ့ဟာမျိုးသည် ဘာနဲ့သွားတူလဲဆိုရင် ထုတ်ဝေခွင့် မှတ်ပုံတင်တစ်ခု ဏမနျ ဃသကညခငူ မှတ်ပုံတင်တစ်ခုထပ်ပြီးလုပ်ရသလိုဖြစ်လိမ့်မယ်။ Press Council သည် အားလုံးကို ကာကွယ်ပေးမယ်ဆိုရင်တော့ အားလုံး လူတိုင်းဟာ အပြေးအလွှား ၀င်လာကြပါလိမ့်မယ်။ အဲဒီတော့ Press Council ဖွဲ့တဲ့အခါမှာ ဒီလိုဖြစ်မြောက်ရေးအဖွဲ့တွေ ဆိုပါတော့နော် နှစ်ခုသုံးခုရှိတယ်။ ဒီပုဂ္ဂိုလ်တွေက အဓိကဖွဲ့မယ်လို့ ဆိုတယ်။ ဒီဥပဒေကြမ်းတင်သွင်းတဲ့ ပြန်ကြားရေး ၀န်ကြီးဌာနကပဲ ခင်ဗျားတို့ ဘယ်သူတွေလာပြီးတော့ ဖွဲ့ကြပါဗျာဆိုတဲ့ဟာမျိုးအချိန်မှာ ကျွန်တော်တို့အဲဒီ Press Council  လည်း သေချာမမြင်ရပေမယ့် နည်းနည်းတော့ ကျွန်တော်စိုးရိမ်တယ်။ ပွင့်လင်းလွတ်လပ်သော ဒီမိုကရေစီနည်းနဲ့ ရွေးကောက်တဲ့ Press Council ဆိုလို့ရှိရင် သိပ်ပြီး အားပေးရတယ်။ ကိုယ့်ကိစ္စတွေ ဖြေရှင်းပေးတယ်။ ရုံးမရောက်အောင် တာဝန်ယူနေတဲ့ အဖွဲ့ဆိုပြီး အားလုံးဝင်လာကြမှာပဲ။  . . . .
ဦးဖေမြင့်
(အယ်ဒီတာချုပ်၊ ပြည်သူ့ခေတ်ဂျာနယ်)

. . . . .ခုနကတင်ပြသွားတဲ့ အကြောင်းတွေထဲမှာ ဆရာမောင်ဝံသ တင်ပြသွားတဲ့ အချက်တွေထဲက နံပါတ်(ဃ)မှာပါ။ အဲဒီအချက်ကလွဲလို့ ကျန်တဲ့အချက်တွေ အလွန်ကောင်းပါတယ်။ နံပါတ်(ဃ)အချက်က သတင်းမီဒီယာ လုပ်ငန်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် စာနယ်ဇင်း ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်နေခြင်း ဟုတ်၊ မဟုတ် စစ်ဆေးမေးမြန်းခွင့်ရှိသော သတင်းမီဒီယာကော်မရှင် သို့မဟုတ် သတင်းမီဒီယာကောင်စီ သို့မဟုတ် သတင်းကောင်စီတစ်ရပ် ဖွဲ့စည်းကြပ်မတ်သင့်ပါသည်။ ယင်းအဖွဲ့သည် သတင်းမီဒီယာများနှင့် သတင်းမီဒီယာလုပ်ငန်းများကို ကိုယ်စားပြုသော ကိုယ်စားလှယ်များက ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးချယ်တင်မြောက်သူများနှင့် ဖွဲ့စည်းခြင်း ဖြစ်ရပါမည်။ ထုတ်ဝေနေသော စာနယ်ဇင်းအားလုံးသည် သတင်းမီဒီယာကောင်စီ သို့မဟုတ် စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်ဖြစ်စေရမည်ဟု မီဒီယာဥပဒေတွင် အတိအကျ ပြဋ္ဌာန်းချက်ပါရှိသင့်ပါသည် ဆိုတဲ့အချက်တစ်ချက် ပါပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒီအချက်ကို ဆရာပြန်စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။  .  .  .  .  .

ဦးထွန်းဝင်းငြိမ်း 
(တာဝန်ခံအယ်ဒီတာ၊ ဗျူးတီမဂ္ဂဇင်း)

Media Law က တကယ်လက်တွေ့ နယ်ပယ်မှာ အသုံးချလို့ရမယ့် တကယ်ဖြစ်သင့်ဖြစ်ထိုက်တာတွေ ပါဝင်တဲ့ မျှတတဲ့ဥပဒေဖြစ်ဖို့ လိုပါတယ်။ တကယ်လို့ အဲဒီဥပဒေမျှတဖို့ဆိုရင် ဌာနဆိုင်ရာတစ်ခုက သော်လည်းကောင်း၊ တစ်စုံတစ်ဦး၊ တစ်စုတစ်ဖွဲ့ရဲ့ ဦးဆောင်မှု လုပ်ဆောင်မှုမျိုးထက် တကယ်ထဲထဲဝင်ဝင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပတ်သက်ဖို့ လိုပါတယ်။ ဒီ Media Law ရဲ့ လုပ်ဆောင်မှုဟာ တကယ်ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပြီလား၊ မဖြစ်ဘူးလားဆိုတဲ့အချက်ကို ဆွေးနွေးစေချင်ပါတယ်။ နောက်မီဒီယာတွေနဲ့ ပတ်သက်လို့ အရေးယူမှုတွေရှိခဲ့ရင် ကျွန်တော်တို့နိုင်ငံမှာ တည်ဆဲဥပဒေတွေ အများကြီးရှိပါတယ်။ အဲဒီတည်ဆဲဥပဒေတစ်ခုခုနဲ့သာ လျှပ်တစ်ပြက်ဂျာနယ်ကို အရေးယူမှုမျိုး၊ တည်ဆဲဥပဒေတစ်ခုခုနဲ့သာ ကျွန်တော်တို့ကို အရေးယူလာခဲ့ရင် ကျွန်တော်တို့မီဒီယာသမားတွေ လုပ်ရကိုင်ရ ခက်ပါလိမ့်မယ်။ ကျွန်တော်တို့အတွက် တိကျတဲ့ ဥပဒေတစ်ခု ရှိဖို့လိုအပ်ပါတယ်။ အဲဒီဥပဒေက ကျွန်တော်တို့အားလုံးကို ထိန်းချုပ်တဲ့ ဥပဒေမျိုး မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့က တကယ်ဥပဒေတစ်ခုအပေါ်မှာ အခိုင်အမာရပ်တည်ပြီး မှန်မှန်ကန်ကန် ကျင့်ဝတ်စည်းကမ်းနဲ့ လျော်ညီစွာ လုပ်ဆောင်တဲ့ မီဒီယာသမားတွေဖြစ်သင့်သလို၊ ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်တွေကိုလည်း ဥပဒေနဲ့အညီ တရားဝင် ပြန်လည်ရယူခွင့်ရှိဖို့ လိုအပ်ပါတယ်။ ဒီမီဒီယာဥပဒေက အဲဒီအချက်တွေ ပါသင့်ပါတယ်။                
ကိုဝေဖြိုး
(အယ်ဒီတာချုပ်၊ Weekly Eleven News Journal)

No comments:

Post a Comment