Written by ဇေ၀င်းနောင်
|
|
Sunday, 08 July 2012 12:29 Eleven Media မှ ကူးယူဖော်ပြပါသည်။
|
|
၁၉၇၂
ခုနှစ်၊ ဇွန်လ
၈ ရက်နေ့က လေကြောင်းမှ napalm သုံးတိုက်ခိုက်မှုကြောင့် ပြေးလွှားနေကြသည့် ဗီယက်နမ်
ကလေးငယ်များ၊ အ၀တ်မပါ ဗလာထီးပြေးလွှားနေသည့် ကလေးငယ်မှာ ကိုးနှစ်အရွယ် Kim
Phuc ဖြစ်သည်။
ဓာတ်ပုံကို အေပီဓာတ်ပုံဆရာ Nick Ut
က
ရိုက်ကူးခဲ့ပြီး နယူးယောက်တိုင်းမ်က မျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။
ဓာတ်ပုံတစ်ပုံဟာ
စကားလုံးတစ်ထောင်နဲ့ ညီတယ်လို့ ဆိုကြတယ်။ ပုံရိပ်တွေ၊ ဓာတ်ပုံတွေဟာ အားကောင်းတဲ့ ဆက်သွယ်မှု ပုံစံတစ်ခုပါ။
အထူးသဖြင့် ဂျာနယ်လစ်ဇင်မှာပေါ့။ ဓာတ်ပုံတစ်ပုံဟာ
ဖြစ်စဉ်တစ်ခု၊ လူတစ်ယောက် ဘာလဲ၊
ဘယ်လိုလဲဆိုတာကို
အကျဉ်းချုံး ပြောနိုင်သလို စာနဲ့ပြောတာထက် ပိုထိရောက်တဲ့ သတင်းစကားကိုလည်း ပေးနိုင်ပါတယ်။
ဂျာနယ်လစ်ဇင် ဓာတ်ပုံပညာဟာ
ယဉ်ကျေးမှုနဲ့
ဘာသာစကား မတူမှုဆိုတဲ့ အတားအဆီးတွေကို ဖြတ်ကျော်ပြီး ဘ၀ဖြစ်စဉ်တွေကို မှတ်တမ်းတင် သက်သေခံတဲ့အတတ်ပညာလို့
ဆိုကြပါတယ်။
သတင်းဓာတ်ပုံနဲ့
ပတ်သက်လို့ ကျင့်ဝတ်ပိုင်းအရ ပြောစရာ အချက်က သုံးချက်ရှိပါတယ်။ ပထမဆုံးအချက်က ဓာတ်ပုံတွေကို ပြင်ဆင်၊ ပြုပြင်ဖော်ပြမှုပါ။ ဒုတိယအချက်က
တစ်ပါးသူရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို ခြိုးဖောက်ရာ ရောက်၊ မရောက် ဆိုတာဖြစ်ပြီး တတိယအချက်က
တော့ ဓာတ်ပုံတွေဟာ ရုန့်ရင်း
ကြမ်းတမ်းမှုရှိ၊ မရှိ၊ ဖော်ပြရန် သင့်၊ မသင့် ဆိုတာပါ။
တိုင်းမ်မဂ္ဂဇင်းက
၂၀၁၀
ပြည့်နှစ် သြဂုတ်လအတွင်းက မျက်နှာဖုံးတင်ခဲ့သည့် တာလီဘန်တို့က နှာခေါင်းနှင့် နားရွက်များ
ဖျက်ဆီးပစ်ခဲ့သည့် အာဖဂန်မိန်းကလေးပုံဖြစ်သည်
ဓာတ်ပုံများကို ပြင်ဆင်၊ ပြုပြင်ဖော်ပြမှု
ပုံ
အရည်အသွေးကောင်းအောင် အလင်းအမှောင်ကို ရိုက်ကူးစဉ်က အပြင်မှာ ရှိနေခဲ့တဲ့ ပကတိ
အနေအထားအတိုင်းဖြစ်အောင် အလင်းအမှောင်
ချိန်ပြင်ဆင်မှုကတော့
လက်ခံနိုင် ဖွယ်အနေအထားပါ။ ပုံကိုလိုတဲ့အပိုင်းကို ဖြတ်သုံးတာ။ အဲဒီမှာ နှစ်ချက်ရှိပါတယ်။
ဓာတ်ပုံရိုက်လာတုန်းက တိုက်ငါးလုံးပါတယ်။
ကိုယ်ပြချင်တာက ဒီဖက်က နှစ်တိုက်ပါ။ ဒါဆိုရင် အဲဒီနှစ်တိုက်ပါတဲ့အထိပဲ ထောင့်မှန်ကျ
ဖြတ်ပြီးဖော်ပြတာမျိုးကတော့
ပြဿနာမရှိပါဘူး။
လူ ၁၀ ယောက်မှာ ကိုယ်က ဒီသုံးယောက်ပုံ ပုံသုံးချင်တယ်၊ ဒီသုံးယောက်ပုံအထိပဲ ထောင့် မှန်ကျ ဖြတ်(crop)လုပ်ပြီးထည့်တာ ဆိုရင်ရော။ အဲဒီမှာ ရှိတဲ့ပြဿနာက သဘောရိုး၊ မရိုးပါ။
ဟိုလူတွေဖြင့်မပါဘဲ ဒီလူတွေဘဲ
ပါတယ်ဆိုတာမျိုးပြချင်တဲ့
သဘောဆိုရင်တော့ ကျင့်ဝတ်နဲ့ မညီပါဘူး။ ဒါပေမဲ့ အရေးကြီးတဲ့ ဒီလူသုံးယောက်ပုံပဲ ထည့်တာကတော့
ပြဿနာမရှိပါဘူး။ ဒီလူတစ်ယောက်နဲ့ပဲဆိုင်တဲ့
သတင်းမို့လို့ ဒီလူ့ပုံကိုပဲလှီးသုံးတာဆိုရင်လည်း
ဒီလူကို နုသွားအောင်၊ ရင့်သွားအောင်
တမင်သက်သက်
မပြင်ဆင်ရင် ပြဿနာမရှိပါဘူး။
နောက်တစ်ချက်က
ဓာတ်ပုံ တွေရောပြီး၊ ပေါင်းပြီး ဖော်ပြတာပါ။ အဲဒီမှာလည်း လူ ၁၀ ယောက်အကြောင်း (ဥပမာ၊အချမ်းသာဆုံး ပုဂ္ဂိုလ်၁၀ ဦး)
ရေးလို့ ဒီလူ ၁၀ ယောက်ပုံ ပေါင်းထားတယ်၊
ပေါင်းထားတယ်ဆိုတဲ့အချက်လည်း ပေါ်လွင်တယ်၊
တခြားထွေထွေရာရာ
သဘောလည်း မရှိဘူးဆိုရင်တော့ ပြဿနာမရှိပါဘူး။ ပေါင်းစပ်ပြီး Graphic
အသွင်လုပ်ထားတယ်ဆိုရင်လည်း
အဲဒါပေါ်လွင်ရပါမယ်။
ပြင်ဆင်ပြုပြင်မှုအပိုင်းနဲ့ ပတ်သက်ပြီး လက်မခံကြတဲ့ ကျင့်ဝတ်နဲ့ မညီဘူးလို့ ယူဆကြတဲ့ကိစ္စတွေ ရှိပါတယ်။ ဓာတ်ပုံတွေကို ပေါင်းပြီး ဓာတ်ပုံတစ်ခု၊ မြင်ကွင်းတစ်ခုတည်းလို့ထင်ရအောင် ပေါင်းစပ်ပြီး ဖော်ပြတာဟာ ဘယ်လိုရည်ရွယ်မှုပဲဖြစ်ဖြစ် ကျင့်ဝတ်နဲ့ မညီပါဘူး။
ဓာတ်ပုံမှာ
မပါတဲ့အချက်တွေ ဖန်တီးယူ ထည့်ပေါင်းတာဟာလည်း လုံးဝ မလုပ်သင့်တဲ့ကိစ္စပါ။ အနီးစပ်ဆုံးဖြစ်စဉ်အနေနဲ့ ၂၀၀၆
ခုနှစ်မှာ အစ္စရေးက လက်ဘနွန်
ဘေရွတ်မြို့ကို ၀င်တိုက်တဲ့ဓာတ်ပုံပါ။ ဘေရွတ်မြို့ကောင်းကင်ယံက မီးခိုးလုံးတွေ ရှိတာထက်များအောင်
ဓာတ်ပုံသတင်း ထောက်က ပွားထားတဲ့အတွက်
ပြင်းပြင်းထန်ထန်
ဝေဖန်ခံခဲ့ရပြီး အဲဒီပုံနေရာမှာ မူရင်းပုံအမှန်ကို အစားထိုး ပြန်လည်ဖော်ပြပြီး တောင်းပန်ခဲ့ရပါတယ်။
၂၀၁၀
ပြည့်နှစ်အတွင်းက
ရိုက်တာသတင်းဌာနက တင်ခဲ့သည့် ဓာတ်ပုံဖြစ်သည်။ မူလတင်ခဲ့သည့် ဓာတ်ပုံ(၀ဲ)ပုံတွင် နောက်ပိုင်းတွင်
တောင်းပန်ပြီးနောက် ပြန်တင်ပေးသည့်
ပုံ(ယာပုံ)တွင်ပါရှိသော လက်ယာကဘက်ထောင့်တွင် ထွက်နေသည့် ဓားနှင့် သွေးကွက်ကို ဖယ်ရှားထားသည်ကို တွေ့နိုင်သည်
(သွေးကွက်မှာ အဖြူအမည်းတွင် ပေါ်ရန်ခဲယဉ်းသောကြောင့်
ဝိုင်းပြထားသည်)
ဓာတ်ပုံထဲမှာပါတဲ့
ပုံရိပ်အချို့ကို ဖယ်ရှားဖြတ်တောက်တဲ့ ကိစ္စဟာလည်း အငြင်းပွားကြတဲ့ ကိစ္စပါ။ ဓာတ်ပုံမှာ မဆိုင်တဲ့ လက်တစ်ဖက်က
ပါနေမယ်၊ ကြိုးတန်းတစ်ခုက ရှုပ်နေမယ်ဆိုရင်
ဖယ်ထုတ်ပြီး ပြင်ပစ်တယ်ဆိုတာမျိုးက
လုပ်မိတတ်ကြပါတယ်။
တခြားရည်ရွယ်ချက် မရှိခဲ့ဘူးဆိုရင်တောင်မှာ ဒီကိစ္စကလည်း ကျင့်ဝတ်နဲ့ညီတယ်လို့ မပြောနိုင်တာ သေချာပါတယ်။ အဲဒီလို ဖယ်ရှားဖြတ်တောက်မှုကြောင့် ပြဿနာတွေ
ဖြစ်ဖူးလို့ပါ။ အနီးစပ်ဆုံး ဥပမာကတော့
အစ္စရေးက
ဂါဇာကမ်းမြောင်ကို ပိတ်ဆို့ထားစဉ်မှာ တူရကီအခြေစိုက် အဖွဲ့တစ်ဖွဲ့ရဲ့ သင်္ဘောအုပ်စုက ပိတ်ဆို့မှုကို
ကျော်လွှားပြီး ၀င်ရောက်ဖို့
ကြိုးစားစဉ်က
ဖြစ်ခဲ့တာပါ။ ၂၀၁၀ တုန်းကဖြစ်ခဲ့တဲ့ ဒီဖြစ်စဉ်မှာ အစ္စရေး ကွန်မန်ဒိုတွေက အဲဒီသင်္ဘောတွေကို ၀င်စီးခဲ့ပြီး လူကိုးဦး
သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကို ရိုက်တာ သတင်းထောက်က
ရိုက်ကူးခဲ့တဲ့ဓာတ်ပုံမှာ အစ္စရေးကွန်မန်ဒိုတစ်ယောက်
သင်္ဘောကြမ်းပြင်မှာ လဲနေတယ်၊ ဘေးမှာဝင်ရောက်ဖို့ ကြိုးစားတဲ့အဖွဲ့ထဲကသူတွေက ၀ိုင်းနေတဲ့ပုံပါ။ အဲဒီပုံမှာ
ဘေးက လက်တစ်ဖက်နဲ့ အဲဒီလက်မှာ
ကိုင်ထားတဲ့ဓားကို ဖျက်ထားတယ်၊ သွေးစ သွေးနတွေကို ဖျောက်ထားတယ်ဆိုတာကို အမေရိကန် ဘလော့ဂါတစ်ဦးက
ထောက်ပြခဲ့ပါတယ်။ ဒီအတွက်လည်း
ရိုက်တာက တောင်းပန်ခဲ့ရပြီး နိုင်ငံရေး
ရည်ရွယ်ချက်မရှိကြောင်းပါ
ရှင်းလင်းခဲ့ရပါတယ်။
နောက်တစ်ချက်က ဓာတ်ပုံမှာ ဖုံးကွယ်ပေးထားတာပါ။ မှုခင်းသတင်းတွေမှာ အဓိကကျပါတယ်။ ကျူးလွန်သူနဲ့ ကျူးလွန်ခံရသူရဲ့ မျက်နှာကို အများအားဖြင့် ဖုံးကွယ်ပေးထားမှုပါ။ ကျူးလွန်ခံရသူအတွက်က ပိုအရေးပါပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေး တစ်ဦးဆိုရင် သူ့မျက်နှာသာမက သူ့ကိုယ်ရေးအချက်အလက်ပါ အတတ်နိုင်ဆုံး ဖုံးကွယ်ပေးရပါတယ်။
တစ်ပါးသူ၏ ကိုယ်ရေးလုံခြုံမှုကို ချိုးဖောက်ရာ
ရောက်၊မရောက်
အဝေးကြီးထိ
ဆွဲနိုင်တဲ့ မှန်ဘီးလူတွေ ပေါ်လာတာရယ်၊ လူစိတ်ဝင်စားစေတဲ့ ပုံတွေအပေါ် တောင်းဆိုမှုက မြင့်လာတာရယ်က ကိုယ်ရေး
လုံခြုံမှု ချိုးဖောက်ရာရောက်၊ မရောက်
ဆိုတဲ့ကိစ္စကို အဓိက ကျင့်ဝတ်ဆိုင်ရာ
ပြဿနာဖြစ်လာစေတာပါ။
လူတွေကို သူတို့ရဲ့ ကိုယ်ပိုင်ကိုယ်ရေး
ကိုယ်တာအချိန်မှာ
အသိမပေးဘဲ ဓာတ်ပုံရိုက်ယူတာဟာ ကျင့်ဝတ်နဲ့ ညီသလား၊ နိုင်ငံရေးသမားတွေ၊ သရုပ်ဆောင်တွေ၊
ထင်ရှားကျော်ကြားသူတွေရဲ့
ကိုယ်ရေးကိုယ်တာကိစ္စနဲ့
ဆိုင်တာတွေကို ဓာတ်ပုံရိုက်ယူသင့်သလား။ ဘယ်လို အချိန်မျိုး၊ ဘယ်လိုကိစ္စမျိုးဆိုရင် ကိုယ်ရေးကိုယ်တာ
လုံခြုံမှုကို ချိုးဖောက် နှောင့်ယှက်ရာ
ရောက်သလဲဆိုတဲ့ မေးခွန်းတွေက စိန်ခေါ်နေပါတယ်။
ဒါက
လူ့အဖွဲ့အစည်း တစ်ခုချင်းဆီနဲ့ပါ ဆိုင်သွားပါတယ်။ ဒီလူ့အဖွဲ့အစည်းမှာ ဒီအဆင့်အတန်းတော့
အနည်းဆုံးရှိရမယ်လို့ သတ်မှတ်ခံထားရတဲ့သူတစ်ဦး၊
တစ်ဖွဲ့ရဲ့ ကိုယ်ရေးကိုယ်တာ လုပ်ဆောင်မှုတစ်ခုဟာ အများပြည်သူသိသင့်တဲ့ အနေအထားမှာရှိတယ်လို့ ယူဆရတဲ့
အနေအထားရှိမှသာ ပင်မ ဂျာနယ်လစ်ဇင်
ရေစီးကြောင်းထဲက ဂျာနယ်လစ်တွေက သတင်းဓာတ်ပုံနဲ့ သတင်းရယူကြပါတယ်။ ပုံမှန်အားဖြင့်တော့ မလုပ်ကြပါဘူး။
ဓာတ်ပုံများသည် ရုန့်ရင်း ကြမ်းတမ်းမှုရှိ၊မရှိ၊
ဖော်ပြရန်သင့်၊ မသင့်
ကလေးကနေ
အဘိုးအဘွားအထိ လူတကာရဲ့ လက်တစ်ကမ်းမှာ ရှိနေတတ်တဲ့ သတင်းစာတွေမှာ ရုန့်ရင်းကြမ်းတမ်းတဲ့ ပုံတွေ၊ အရမ်းကို ရုပ်ပျက်ဆင်းပျက်ဖြစ်တဲ့ပုံတွေကို
ဖော်ပြဖို့ မသင့်ဘူးလို့ ယေဘုယျ
သတ်မှတ်ကြပါတယ်။
အထွေထွေ စာဖတ်ပရိသတ်အတွက် ရည်ရွယ်တဲ့ သတင်းစာများဟာ လိင်ပိုင်းဆိုင်ရာအရ ပေါ်လွင်လွန်း၊
ပွင့်လင်းလွန်းတဲ့ပုံတွေကိုပါ
ရှောင်ရှားကြပါတယ်။
သူတို့ဆီမှာ အရွယ်ရောက်ပြီးသူများအတွက် ရည်ရွယ်တဲ့ သတင်းစာ၊ မဂ္ဂဇင်းများကတော့ သီးခြားရှိပါတယ်။
ရုန့်ရင်းကြမ်းတမ်းမှု
ရှိ၊ မရှိဆိုတာ ပထမဆုံးဖြတ်ရတဲ့ အချက်ပါ။
ပြီးရင်ဆုံးဖြတ်ရမှာက
ဖော်ပြဖို့ သင့်၊ မသင့်ဆိုတာပါ။
ဒီအခါမှာထည့်သွင်းဖော်ပြမှုရဲ့
သဘောရင်းခံဟာ အရေးကြီးပါတယ်။
ဗီယက်နမ်စစ်ပွဲ
ကာလတုန်းက ပူလစ်ဇာဆုရပုံ တစ်ပုံ ရှိပါတယ်။ Nick
Ut ရဲ့ Napalm Girl ဆိုတဲ့ ပုံပါ။ (ဒီဆောင်းပါးမှာ အဲဒီပုံကို ကျွန်တော်တို့ ယဉ်ကျေးမှုစံနှုန်းအရ မသင့်တော်ဘူးလို့
ယူဆလို့ အောက်ပိုင်းကို
အုပ်ပြီးဖော်ပြပါတယ်)။
Napalm ဆိုတာက ရေနံဆီ (ဒါမ မဟုတ်)အလားတူ
လောင်စာနဲ့ ရောထားတဲ့ ကော်ရည်လိုချွဲပစ်တဲ့
အဆီတစ်ခုဖြစ်ပြီး တိုက်ပွဲမှာသုံးတဲ့
လက်နက်တစ်ခုပါ။
ဒီလက်နက်နဲ့ တိုက်ခိုက်မှုကြောင့် ကိုယ်မှာ အ၀တ်မကပ်တော့တဲ့ မိန်းကလေးငယ်တစ်ယောက် အပါအ၀င် ကလေးငယ်တွေ
ပြေးလွှားနေတဲ့ပုံကို နယူးယောက်တိုင်းမ်
သတင်းစာက မျက်နှာဖုံးတင်ခဲ့တာပါ။ ဒါဟာ ကျင့်ဝတ်ပိုင်းအရ ခက်ခဲတဲ့ ဆုံးဖြတ်ချက် ပါ။ အရွယ်မရောက်သေးသူ(minor) ရဲ့ လုံးတီးပုံ
(Nudity) လည်းဖြစ်သလို
ဖတ်ရှုတဲ့ စာဖတ်ပရိသတ်အတွက်လည်း အထိတ်တလန့် ဖြစ်စရာပါ။ ဒီအချိန်မှာ ခွင့်ပြုချက် သွားယူလို့မရတော့
ကလေး ငယ်ရဲ့ ကိုယ်ရေးလုံခြုံမှုကိုလည်း
ချိုးဖောက်တဲ့သဘော ဖြစ်နေပါတယ်။
ဒါပေမဲ့
ဒီပုံဟာ ပူလစ်ဇာဆု ရခဲ့ပါတယ်။ ဗီယက်နမ်စစ်ပွဲရဲ့ ဆိုးရွားမှုကို အပီပြင်ဆုံး ဖော်ကျူးနိုင်ခဲ့တဲ့
သတင်းဓာတ်ပုံလည်းဖြစ်ခဲ့သလို
ဗီယက်နမ်စစ်ပွဲ
အဆုံးသတ်ရေး နယ်ပယ်အသီးသီးက ၀ိုင်းဝန်းတောင်းဆိုကြဖို့လည်း လှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။ အများပြည်သူ အကျိုးစီးပွား
အတွက် တကယ်ဖြစ်နေတဲ့ အခြေအနေမှန်၊
စစ်ပွဲရဲ့ အနိဋ္ဌာရုံကို ဖော်ပြဖို့ ပုံမှန်ကန့်သတ်မှုတွေကို ချိုးဖျက်ခဲ့ရတာကိုတော့ ကျင့်ဝတ်နဲ့မညီဘူး၊
မလုပ်သင့်ဘူးလို့ ပြောလို့မရဘူးဆိုတာကို
ဒီပုံက သက်သေပြနေပါတယ်။
လတ်တလောဖြစ်စဉ်အရ ပြောရရင်တော့ ၂၀၁၀ ပြည့်နှစ်အတွင်းက တိုင်းမ်မဂ္ဂဇင်းက ဖော်ပြခဲ့တဲ့ နှိပ်စက်ခံရလို့ ယောက်ျားဘက် ဆွေမျိုးတွေဆီကနေ ထွက်ပြေးခဲ့တဲ့ အာဖဂန်မိန်းကလေးကို တာလီဘန် ခေါင်းဆောင်တစ်ဦးက နှာခေါင်းနဲ့ နာရွက်တွေဖြတ်လိုက်လို့ ရုပ်ပျက် ဆင်းပျက် ဖြစ်နေတဲ့ပုံပါ။ ဒီပုံကြီးကို တိုင်းမ်မဂ္ဂဇင်းက မျက်နှာဖုံးတင်ခဲ့ တာပါ။ တာလီဘန်တွေလက်အောက်မှာ အမျိုးသမီးတွေ ဘယ်လိုနေ နေရတယ်ဆိုတာကို ဖော်ပြဖို့အတွက် ရုန့်ရင်းကြမ်းတမ်းတယ်လို့ ယူဆရတဲ့ပုံကို ဖော်ပြခဲ့တာပါ။ ဒီပုံကြောင့် တာလီဘန်တွေလက်အောက်မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရတဲ့ အမျိုးသမီးတွေ ပြန်လည်ခွဲစိတ်ပြုပြင်ဖို့ ရန်ပုံငွေထူထောင်တာတွေ၊ ဒီလိုအဖြစ်မျိုးတွေကမ္ဘာမှာ ရှိနေသေးပါလား၊ မရှိသင့်တော့တဲ့ကိစ္စ၊ တိုက်ဖျက်သင့်တဲ့ကိစ္စပါလားဆိုတဲ့ အသိအမြင် ပျံ့နှံ့မှုတွေ ဖြစ်စေခဲ့ပါတယ်။
ခြုံပြောရရင်တော့
ရည်ရွယ်ချက်ကောင်းနဲ့ အများကို မထိခိုက်စေဘဲ အကောင်းဘက်ကို ရောက်စေချင်တဲ့ ဆန္ဒကဲတဲ့ ဖော်ပြမှုမျိုးဟာ
ကျင့်ဝတ်ပိုင်းအရ အပြစ်လို့ပြောလို့
မရဘူးဆိုတာပါပဲ။ ဒါပေမဲ့ မလိုအပ်ဘဲ ပြူးတူးပြဲတဲ အထိတ်တလန့် ဖြစ်စေတဲ့ ဖော်ပြမှုမျိုးကိုတော့ ကျင့်ဝတ်နဲ့
ညီတယ်လို့ဆိုလို့ မရပါဘူး။
အဓိကကျတာကတော့
သတင်းဓာတ်ပုံတွေကို ဖော်ပြရာမှာ ဂျာနယ်လစ်ဇင်ရဲ့ အခြေခံမူတွေဖြစ်တဲ့ အမှန်ကို ထုတ်ဖော်ခြင်း၊ အများပြည်သူ အကျိုးစီးပွားအတွက်
ရည်ရွယ်ဆောင်ရွက်ခြင်း၊ ယုံကြည်စိတ်ချနိုင်လောက်တဲ့ ဖော်ပြမှုမျိုးနဲ့ တာဝန်ယူမှုရှိစွာ လုပ်ဆောင်ခြင်းဆိုတဲ့
အချက် တွေနဲ့ ဆုံးဖြတ်ဖော်ပြဖို့ပါပဲ။
သတင်းဓာတ်ပုံဆိုင်ရာ ကျင့်ဝတ်ပိုင်းဖော်ပြမှုများ
ကောက်နှုတ်ချက်
Ref;
(1) Ethics for Journalists By
Richard Keeble
(2) Photojournalism By
Carolynne Burkholder
(3) Ethics in Photojournalism:
Past, Present, and Future By Daniel R. Bersak
(4) Photojournalism :An Ethical
Approach By Paul Martin Lester
|
Sunday, July 8, 2012
ဂျာနယ်လစ်နဲ့ကျင့်ဝတ်(၅)၊ သတင်းဓာတ်ပုံဆိုင်ရာကျင့်ဝတ်
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment