စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ CPJ က
နှစ်စဉ်အစီရင်ခံစာထုတ်ပြန်ပြီး ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်
အနိမ့်ကျဆုံးနိုင်ငံ ဆယ်နိုင်ငံစာရင်းကို ထုတ်ပြန်နေခဲ့ရာမှာ
မြန်မာနိုင်ငံက နှစ်ပေါင်းများစွာ နှစ်စဉ်ဆက်တိုက်ပါဝင်ခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ မကြာသေးခင်နှစ်တွေအတွင်းက စာရင်းထိပ်ပိုင်းမှာ နေရာယူခဲ့ပေမယ့် အခုနှစ်မှာတော့ နံပါတ်(၇)နေရာချိတ်ခဲ့တဲ့အတွက် တိုးတက်မှုရှိလာတယ်လို့လည်း တနည်းအားဖြင့်ပြောနိုင်ပေမယ့်လည်း ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေပြီဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ စာရင်းထဲမှာ ဆက်ပြီးပါနေတာဟာ ကောင်းတဲ့အလားအလာမဟုတ်တဲ့အတွက် မြန်မာအစိုးရအနေနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်စရာတွေ မြောက်များစွာကျန်နေသေးတယ်လို့ မြန်မာ့အရေးလေ့လာသူတချို့က သုံးသပ်ထားကြပါတယ်။
CPJ ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြချက်တွေအရ ပြီးခဲ့တဲ့ နှစ်အတွင်း မြန်မာနိုင်ငံက အင်တာနက်ဆိုင်တွေမှာ အိတ်ဆောင်အချက်အလက်သိုမှီးတဲ့ ဖလက်ရှ်ဒရိုက်ဗ်တွေအသုံးမပြုဖို့နဲ့ အင်တာနက်ပေါ်ကတဆင့် ဖုန်းဆက်သွယ်စကားပြောဆိုနိုင်တဲ့ (VoIP)စနစ် သုံးစွဲခွင့်ပိတ်ပင်တဲ့ အမိန့်ထုတ်ပြန်ခဲ့တာတွေ၊ ပြည်တွင်းမှာ ထူးခြားဖြစ်စဉ်ရှိခဲ့ရင် သတင်းယူနိုင်ဖို့ကြိုးစားတဲ့ နိုင်ငံတကာသတင်းထောက်တွေကို ပြည်ဝင်ခွင့်ဗီဇာထုတ်မပေးပဲ ပိတ်ပင်ထားတာတွေ၊ အင်တာနက်ပေါ်မှာ ရေးသား ဆွေးနွေးမှု ဖြန့်ဝေမှုတွေကို အရေးယူနိုင်ဖို့ အစိုးရက ဥပဒေပြဌါန်းထားတာတွေ စတာတွေအတွက် မြန်မာနိုင်ငံဟာ စာနယ်ဇင်းလွတ်လပ်ခွင့် နိမ့်ကျဆိုးဝါးတဲ့ နိုင်ငံ ဆယ်နိုင်ငံ စာရင်းထဲမှာ ဆက်လက် ပါဝင်နေတာဖြစ်ကြောင်း သိရပါတယ်။
မြန်မာထက်နိမ့်ကျနေတဲ့နိုင်ငံတွေကတော့ အူဘက်ကစ္စတန်, Equatorial Guinea, အီရန်၊ ဆီးရီးယား၊ မြောက်ကိုးရီးယားနဲ့ အီရီထရီးရားနိုင်ငံတို့ ဖြစ်ကြပါတယ်။

No comments:
Post a Comment